ကျနော်တို့ ဓါတ်ပုံတွေရိုက်တဲ့အခါမှာ ကင်မရာ LCD ထဲမှာတော့ အိုကေနေပြီး ကွန်ပျူတာ screen ပေါ်မှာပြန်ကြည့်တဲ့အခါ ပြတ်သားမှုမရှိတာ၊ ပုံရိပ်တွေ ဝါးနေတာမျိုးဖြစ်တက်ပါတယ်။ ပြတ်သားတဲ့ပုံတစ်ပုံရဖို့ ဘာတွေ အရေးကြီးသလဲ၊ ဘယ်လို အချက်တွေက အရေးပါသလဲ ဒီအချက်တွေကို ဆွေးနွေး အကြံပေးချင်ပါတယ်။
ဓါတ်ပုံတစ်ပုံ ပြတ်သားသလား ဝါးတားတားဖြစ်နေသလား ဆိုတာ အဆုံးအဖြတ်ပေးတဲ့ အရေးကြီးတဲ့အချက်တွေကတော့
1. Lens Quality
2. Shutter Speed and Focal Length
3. Camera Shake
4. Aperture and ISO speed
5. Stabilization
6. Depth of Field and Hyperfocal
7. Focusing Mode
8. Shooting Mode
9. Tripod Setup
10. Flash စတာတွေ ဖြစ်ပါတယ်။
1. Lens Quality
ပုံတစ်ပုံ ဘယ်လောက် sharp ဖြစ်တယ် မဖြစ်ဖူးဆိုတာ အသုံးပြုတဲ့ Lens Quality နဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဒါကတော့ ရှင်းနေပြီးသားဖြစ်လို့ အကျယ်မပြောတော့ပါဘူး။ ဒါပေမယ့် Lens အကောင်းစားသုံးတိုင်း ပုံပြတ်သားမှုရှိမယ်လို့ အာမမခံနိုင်ပါဘူး။ တခြားအချက်တွေ ရှိပါသေးတယ်။ Kit Lens နဲ့လည်း တော်ရုံပြတ်သားမှုကောင်းတဲ့ ပုံတွေ ရိုက်ကူးနိုင်ပါတယ်။
2. Shutter Speed and Focal Length
Hand held ရိုက်တဲ့အခါမှာ ပုံပြတ်သားမှုရှိဖို့ လုံလောက်တဲ့ shutter speed ရှိရပါမယ်။ shutter speed နှေးလွန်းရင် ကင်မရာကို ငြိမ်အောင်ကိုင်ထားဖို့ မလွယ်ပါဘူး။ ဒီနေရာမှာ Lens ရဲ့ focal length က အရေးကြီးတဲ့ နေရာကပါလာပါပြီ။ Rule of thumb အနေနဲ့ကတော့ 'One over the EFL (Effective Focal Length)' လို့ ဆိုကြပါတယ်။ ဆိုလိုတာက အနှေးဆုံး shutter speed ဟာ 1/focal length ရှိရမယ်လို့ ပြောတာပါ။ ဥပမာ 50mm focal length နဲ့ ရိုက်မယ်ဆိုရင် ပုံပြတ်သားမှုရှိဖို့ အနှေးဆုံး shutter speed ဟာ 1/50 ရှိရမယ်လို့ ဆိုလိုပါတယ်။ ဒီနေရာမှာ APS-C ကင်မရာတွေဆိုရင် Crop factor ကို ထည့်တွက်ဖို့လိုပါတယ်။ Canon ဆိုရင် 1.6, Nikon ဆိုရင် 1.5 နဲ့ မြှောက်ပေးရပါမယ်။ ဥပမာ 50mm focal length ကို Nikon DX camera တွေမှာဆိုရင် 50x1.5=75mm လို့ တွက်ရပါမယ်။ ဒါဆိုရင် လိုအပ်တဲ့ အနှေးဆုံး shutter speed က 1/80s ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အလင်းရောင်မလုံလောက်တဲ့ အခါမျိုးမှာ hand held ရိုက်ရင် ဖြစ်နိုင်သလောက် focal length တိုတိုသုံးပါ၊ zoom မသုံးပဲ တက်နိုင်သလောက် အနားကပ်ရိုက်ပါ။
3. Camera Shake
အမှန်တော့ ခုနက Shutter speed နဲ့ camera shake က ဆက်စပ်နေတာပါ။ shutter speed နှေးရင် camera shake ဖြစ်ဖို့ အခွင့်အလမ်းပိုများမယ်။ ဒါပေမယ့် ကင်မရာကို နည်းမှန်လမ်းမှန် မကိုင်တက်ရင်လဲ camera shake ဖြစ်နိုင်ဖို့များပါတယ်။ အောက်ပါ ပုံမှာကြည့်ပါ။

ဒါ့အပြင် ကင်မရာကို ညီညာတဲ့ တစ်နေရာရာမှာ တင်ပြီးရိုက်တာမျိုး၊ lens ကို ကိုင်ထားတဲ့ ကိုယ့်လက်ကို တစ်ခုခုပေါ်တင်ပြီး ငြိမ်အောင် လုပ်တာမျိုးတွေလဲ လုပ်နိုင်ပါတယ်။ နောက်တစ်ခုက view finder နဲ့ ကိုယ့် မျက်ခုံးနဲ့ ထိထားတာမျိုးက ပိုပြီး ကင်မရာကို ငြိမ်စေပါတယ်။ ဘာလို့လဲဆိုတော့ လက်နှစ်ဖက်အပြင် မျက်ခုံးကပါ ကင်မရာကို သုံးနေရာက ထောက်ပြီးထိန်းပေးထားနိုင်လို့ပါ။
Camera shake ကို နည်းပါးစေတဲ့ နောက်တစ်နည်းလဲ ရှိပါသေးတယ်။ အဲဒါကတော့ Mirror lockup ကို အသုံးပြုတာပါ။ SLR camera တွေမှာ ပုံရိုက်တဲ့အခါတိုင်း mirror က အတင်အချလုပ်ရတဲ့အတွက် internal vibration ရှိပါတယ်။ mirror slap လို့ခေါ်ပါတယ်။ သာမန်အချိန်မသိသာပေမယ့် long exposure shots တွေမှာ super telephoto lenses တွေသုံးတဲ့အခါ၊ macro လိုမျိုး အနီးကပ်ရိုက်တဲ့အခါတွေမှာ သိသာပါလိမ့်မယ်။ tripod သုံးတာတောင်မှ mirror slap ကြောင့်ဖြစ်တဲ့ vibration ကို အပြည့်အဝ ဖယ်မထုတ်နိုင်ပါဘူး။ ဒီလိုနေရာမျိုးမှာ mirror lockup function က အလွန်အသုံးဝင်ပါလိမ့်မယ်။ အသုံးပြုပုံကိုတော့ camera manual မှာ ပြန်ပြီးဖတ်ကြည့်ပါ။
4. Aperture and ISO speed
ဓါတ်ပုံပညာမှာ Aperture, Shutter Speed နဲ့ ISO က ခွဲမရအောင်စပ်ဆက်နေတာပါ။ Shutter speed နှေးလို့ camera shake ဖြစ်တယ်ဆိုရင် လုံလောက်တဲ့ shutter speed ရဖို့ Aperture နဲ့ ISO တွေက ကူညီနိုင်ပါတယ်။
Aperture အကြောင်း အရင်ပြောရရင် အားလုံးသိတဲ့အတိုင်းပဲ Aperture ကျယ်ကျယ်ဖွင့်ရင် အလင်းများများဝင်နိုင်မယ်။ Shutter speed ကို ပိုပြီးမြန်နိုင်မယ်။ ဒါကတော့ ရှင်းပါတယ်။ ဒါပေမယ့် အရေးကြီးတာရှိပါသေးတယ်။ Lens တစ်ခုမှာ sweet spot ဆိုတာရှိပါတယ်။ Lens အများစုက သူ့ရဲ့အကျဉ်းဆုံး aperture ရဲ့ 2 to 3 stops ပိုကျယ်တဲ့ aperture မှာ အပြတ်သားဆုံးဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ f/8 နဲ့ f/11 တွေမှာပါ။ ကိုယ်အသုံးပြုမယ့် Lens ရဲ့ အပြတ်သားဆုံး aperture ကို သိထားရင် ပိုပြီးပြတ်သားတဲ့ ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
ISO speed - အလင်းရောင် မလုံလောက်ရင်၊ Aperture ကျယ်ကျယ်ဖွင့်ထားတာတောင် လုံလောက်တဲ့ shutter speed မရသေးရင် ISO ကို တင်ရတော့မှာပါ။ ISO တင်ရမှာ မကြောက်ပါနဲ့။ ဝါးတားတားပုံနဲ့စာရင် noise လေးနည်းနည်းပါးပါးပါတဲ့ ပုံက ပိုကောင်းပါတယ်။ နောက်ပြီး ခုခေတ်ပေါ် DSLR တွေက high ISO setting ကို ကောင်းကောင်း handle လုပ်နိုင်နေပါပြီ။ ISO ပြောင်းဖို့ မေ့မေ့နေတက်ရင် ကင်မရာ setting ထဲမှာ Auto ISO ထားပြီး အများဆုံး ISO setting ကို သတ်မှတ်ပေးထားနိုင်ပါသေးတယ်။ ဥပမာ ISO 6400 ထက် ကျော်ပြီးမတင်နဲ့ ဆိုတာမျိုးပေါ့။ Manual ကိုပဲ ကိုးကားပါ။
5. Stabilization
Canon မှာ IS (Image Stabilisation), Nikon မှာ VR (Vibration Reduction), Sigma မှာ OS (Optical Stabilizer), Tamron မှာ VC (Vibration Compensation) စသဖြင့် ရှိကြပါတယ်။ အဲဒါတွေက Lens ထဲမှာပါတဲ့ အမျိုးအစားတွေပါ။ Sony နဲ့ Pentax ကတော့ camera body ထဲမှာ built-in stabilizer ပါကြပါတယ်။ ဒီ stabilizer တွေကလည်း shutter speed ကို 2 to 4 stops အထိ မြှင့်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ တစ်ခု သတိထားဖို့က Tripod သုံးရင် IS, VR, OS, VC စတာတွေကို ပိတ်ထားပါ။ မဟုတ်ရင် ကင်မရာက tripod ပေါ်မှာ ငြိမ်နေတာကို stabilizer တွေက လိုက်ချိန်ဖို့ကြိုးစားနေတာကြောင့် ပုံတွေ ပြတ်သားမှုရှိမှာ မဟုတ်ပါဘူး။
6. Depth of Field and Hyperfocal
အထူးသဖြင့် Landscape ပုံတွေရိုက်တဲ့အခါမှာ ဘယ်နေရာကို focus ယူရမလဲဆိုတဲ့မေးခွန်းက အရေးကြီးလာပါတယ်။ foreground ကို focus ယူလိုက်ရင် background က soft ဖြစ်နေမယ်။ background ကို focus လုပ်ပြန်ရင်လဲ foreground က soft ဖြစ်နေပြန်ဦးမယ်။ ပုံတစ်ခုလုံး ရှေ့ လယ် နောက် အားလုံး ထိုက်သင့်သလောက် ပြတ်သားနေဖို့ အလွန်အရေးကြီးပါတယ်။ အောက်ပါပုံကို ကြည့်ပါ။

ပုံထဲမှာတွေ့ရတဲ့အတိုင်း ကျနော်တို့ ကင်မရာကို focus လုပ်ခိုင်းတဲ့အခါမှာ Plane of focus ရဲ့ ရှေ့ 1/3 နဲ့ နောက်ဖက် 2/3 အထိ အကွာအဝေးဟာ Depth of field ဖြစ်ပါတယ်။ အဲဒီ အတွင်းမှာရှိတဲ့ အရာဝတ္ထုအားလုံးကို ပြတ်သားစွာနဲ့ ပုံဖမ်းယူနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ Aperture က အရေးကြီးတဲ့ နေရာက ပါလာပြန်ပါတယ်။ aperture ကျဉ်းလေ ပုံပြတ်သားစွာဖမ်းယူနိုင်တဲ့ အတိုင်းအတာ Depth of field ကျယ်လေ ဖြစ်ပြီး aperture ကျယ်လေ DoF က ကျဉ်းလေဖြစ်မှာပါ။ ဒါကြောင့်မို့ Landscape သမားတွေဟာ f/16. f/22 စသဖြင့် ရိုက်ကြခြင်းဖြစ်ပါတယ်။ (DoF ကို သတ်မှတ်ပေးတဲ့ တခြားအရာများလဲ ရှိပါသေးတယ်။ Focal length, subject နဲ့ Lens/ subject နဲ့ background အကွာအဝေး စတာတွေပါ။)
အဲဒီတော့ ကျနော်တို့ရဲ့ Landscape ပုံတစ်ပုံကို ရှေ့လယ်နောက် မျှမျှတတ ပြတ်သားချင်တယ်ဆိုရင် အလွယ်ဆုံးနည်းကတော့ Aperture ကျဥိးကျဉ်းနဲ့ ကိုယ်ရိုက်မယ့် frame ရဲ့ သုံးပုံတစ်ပုံလောက်ကို မှန်းပြီး focus ယူပြီးရိုက်မယ်ဆိုရင် အတော်ပြတ်သားတဲ့ ပုံတစ်ပုံရလာမှာပါ။ (Aperture ကျဉ်းတိုင်း sharp ဖြစ်မလားဆိုတာတော့ မဟုတ်ပါဘူး။ သိပ်ကျဉ်းလွန်းရင် diffraction ခေါ်တဲ့ sensor ကိုလာတဲ့ အလင်းရောင်စဉ်ကွဲခြင်းဖြစ်ပြီး ပြတ်သားမှု လျော့နိုင်ပါသေးတယ်။ ဒါကတော့ ဒီပို့စ်နဲ့ မပတ်သက်လို့ မဆွေးနွေးလိုသေးပါဘူး။)
ဒီထက် ပိုပြီး တိကျတဲ့ နည်းမရှိတော့ဘူးလားဆို ရှိပါတယ်။ အဲဒါကတော့ Hyperfocal distance ကို တွက်ချက်ယူပြီး focus လုပ်တာပါ။ Hyperfocal focusing ပေါ့။ Hyperfocal distance ဆိုတာကတော့ အရှင်းဆုံးပြောရရင် ပေးထားတဲ့ aperture တစ်ခုမှာ ကိုယ်နဲ့ ဖြစ်နိုင်သလောက် အနီးဆုံးနေရာကနေ အဝေးဆုံး infinity အထိ ပြတ်သားတဲ့ ပုံရိပ်ကို ဖမ်းယူနိုင်ဖို့ focus လုပ်ရမယ့် အကွာအဝေးကိုပြောတာပါ။
အောက်ပါပုံကို ကြည့်ပါ။

Hyperfocal distance ကို focus ယူလိုက်တဲ့ အခါမှာ near acceptable limit ကနေ infinity အထိ ပြတ်သားတဲ့ ပုံရိပ်ကို ဖမ်းယူနိုင်တာ တွေ့ရပါတယ်။
Depth of Field နဲ့ Hyperfocal Focusing အကြောင်းအသေးစိတ်ကို သီးခြား ပို့စ်တစ်ခုမှာ ဆွေးနွေးသွားပါ့မယ်။
Hyperfocal distance ကို ခေါင်းစားနေစရာမလိုပဲ လွယ်လွယ်ကူကူ ရှာဖွေနိုင်တဲ့ ဖုံး apk တွေရှိပါတယ်။
Android အတွက်ကတော့ DOF Calculator ဆိုပြီး Google play store မှာ free dwonload လုပ်လို့ရပါတယ်။ iPhone အတွက်ကတော့ DOFMaster ရှိပါတယ်။
7. Focusing Mode
wrong focusing ကြောင့်လဲ လိုချင်တဲ့ subject က မပြတ်သားပဲဖြစ်နေတာမျိုး ဖြစ်တက်ပါသေးတယ်။ DLSR camera တွေမှာ ရွေးချယ်စရာ auto focusing mode တွေ ရှိပါတယ်။
One-Shot AF (Canon)/AF-S (Nikon),
AI Servo AF (Canon)/AF-C (Nikon)
AI Focus AF (Canon)/AF-A (Nikon)
Manual Focus စသည်ဖြင့်ပါ။
ကိုယ်ရိုက်မယ့် အကြောင်းအရာနဲ့ သင့်တော်မယ့် mode ကို အသုံးပြုရင် ပြတ်သားတဲ့ပုံတစ်ပုံရဖို့ အခွင့်အလမ်း ပိုများလာမှာပါ။ ငြိမ်နေတဲ့ subject တွေ (ဥပမာ portrait, landscape, still-life) ရိုက်မယ်ဆိုရင် AF (Canon) / AF-S (Nikon) mode က အသင့်တော်ဆုံးပါ။ sport, wildlife စတဲ့ လှုပ်ရှားနေတဲ့ subject တွေအတွက် AI Servo/ AF-C mode က ပိုသင့်တော်ပါမယ်။ AI Focus AF (Canon)/AF-A (Nikon) mode ကတော့ ပထမနှစ်ခုရဲ့ hybrid mode ဖြစ်ပါတယ်။ Camera ရဲ့ focusing ဟာ subject ရဲ့ လှုပ်ရှားမှုအပေါ်မူတည်ပြီး ပထမ mode နှစ်ခုကြား အလိုအလျောက် ပြောင်းပြီး focus လုပ်တာပါ။ Automatic Autofocus mode လို့ ပြောနိုင်ပါတယ်။ လှုပ်ရှားမှုလားရာကို ခန့်မှန်းလို့ မရတဲ့အရာမျိုး ဥပမာ ကလေးတွေဗျာ၊ ဓါတ်ပုံရိုက်မယ်ဆိုပြီး ငြိမ်ခိုင်းထားပေမယ့် ခေါင်းလှုပ်လက်လှုပ်တာမျိုး၊ ရပ်ခိုင်းထားပေမယ့် ရုတ်တရက် ပြေးထွက်တာမျိုး၊ နောက် ငှက်တွေဘာတွေ ရိုက်တဲ့အခါ ကိုင်းပေါ်မှာ နားနေတာကို focus ယူထားပေမယ့် ရုတ်တရက် ထပျံတက်တာမျိုး အဲလို subject အတွက် ဒီ mode က သင့်တော်ပါတယ့်။ subject ငြိမ်နေတဲ့အချိန်မှာ One-Shot AF/ AF-S နဲ့ focusing လုပ်နေပြီး ရုတ်တရက် ရွှေ့လျားသွားတဲ့အခါမှာ AI Serve AF/ AF-C mode ကို auto ပြောင်းပြီး focusing လုပ်ပေးတာပါ။ Manual mode ကတော့ auto focusing လုပ်ဖို့ ခက်ခဲတဲ့ အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။ အလင်းရောင် အားနည်းတဲ့အခါမျိုး၊ မှန်ကို ဖြတ်ပြီး focus လုပ်တဲ့အခါမျိုး၊ ပိုက်ကွန်လို သံဇကာကွက် စိပ်စိပ်လို အရာမျိုးတွေကို ဖြတ်ပြီး focus လုပ်ရတဲ့အခါမှာ camera ရဲ့ auto focusing computer ဟာ confused ဖြစ်နိုင်ပါတယ်။ အနောက်က subject ကို focus မလုပ်နိုင်ပဲ ရှေ့က သံဇကာကွက်ကိုပဲ focus လုပ်နေတာမျိုးပေါ့။ ဒီလို အခြေအနေမျိုးမှာ Manual mode ကို ပြောင်းသုံးကြည့်ပါ။
8. Shooting Mode
ပန်းခြံထဲမှာ ပန်းပွင့်ကလေးလှလို့ ဓါတ်ပုံရိုက်ချင်သော်လည်း လေပြေညှင်းလေးက ကလူကျီစယ်နေလို့ ပြတ်သားတဲ့ပုံမရပဲ motion blur တွေပဲ ရနေပါသလား။ Burst mode ကို ပြောင်းရိုက်ကြည့်ပါ။ တစ်ပုံမဟုတ် တစ်ပုံတော့ ပြတ်သားမှုရှိမှာပါ။ အလားတူ အခြေအနေတွေမှာ burst mode ကို ဥာဏ်ရှိသလို အသုံးပြုနိုင်ပါတယ်။
9. Tripod Setup
Tripod သုံးသော်လည်း ပုံတွေ ပြတ်သားမှုမရှိရင် တစ်ခုခုတော့ မှားနေပါပြီ။ အထက်က အချက်တွေ ပြန်စစ်ဆေးပါ။ Stabilization တွေကို off လုပ်ဖို့ မမေ့ပါနဲ့။ နောက်ပြီး တောင့်တင်းတဲ့ tripod တစ်ခုဖြစ်ဖို့လည်း လိုပါသေးတယ်။ studio shooting နဲ့စာရင် landscape shooting မှာ လေတိုက်ကြမ်းတဲ့အခါတွေ ကြုံလာနိုင်ပါတယ်။ ဒီအခါမျိုးမှာ tripod ပိန်ညှောင်ညှောင်လေးနဲ့ တည်ငြိမ်တဲ့ ရိုက်ချက်တွေရဖို့ ခဲယဉ်းပါတယ်။ ဖြစ်နိုင်ရင် tripod ရဲ့ အလယ် ကော်လံကို ဆွဲမထုတ်ပါနဲ့။ မဖြစ်မနေ ထုတ်ရမယ်ဆိုရင် တိုနိုင်သလောက် တိုတိုပဲ ထုတ်ပါ။ တချို့ tripod တွေမှာ ကော်လံ အောက်ခြေမှာ အလေးချိတ်စရာ ချိတ်ပါပါတယ်။ ခဲ/သဲ အိတ်ချိတ်ထားနိုင်ပါတယ်။ ကင်မရာအိတ်လည်း ချိတ်ထားနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျား ကင်မရာအိတ်က လုံလောက်တဲ့ အလေးချိန်မရှိပဲ လေတိုက်တိုင်း ရမ်းနေမလားဆိုတာလည်း ဂရုစိုက်ပါ။ နဂိုက သိပ်မလှုပ်တာ သူ့ကြောင့် ပိုပြီး လှုပ်နေနိုင်ပါသေးတယ်။
10. Using Flash to Freeze Motion
Flash အသုံးပြုခြင်းအားဖြင့် လှုပ်ရှားမှုတွေကို freeze လုပ်နိုင်ပါတယ်။ ဘယ်လောက်အထိ freeze လုပ်နိုင်သလဲဆိုတာကတော့ အသုံးပြုတဲ့ lens နဲ့ flash power တွေပေါ်မှာလဲ မူတည်ပါတယ်။ အောက်ပါပုံနှစ်ပုံကို နှိုင်းယှဉ်ကြည့်ပါ။ တူညီတဲ့ shutter speed နဲ့ ရိုက်ထားတာပါ။ ဒါပေမယ့် ညာဘက်ပုံမှာလိုမျိုး flash သုံးခြင်းအားဖြင့် လည်နေတဲ့ ပန်ကာအရွက်ကို freeze လုပ်ပြီး ရိုက်ယူနိုင်တာတွေ့ရမှာပါ။ lighting က harsh ဖြစ်တာတို့ဘာတို့ကတော့ တစ်ပိုင်းပေါ့ဗျာ။

ဒီလောက်ဆိုရင် ပြတ်သားတဲ့ ပုံတစ်ပုံရဖို့ အရေးကြီးတဲ့ အချက်တွေကို နားလည်သဘောပေါက်ပြီလို့ မျှော်လင့်ပါတယ်။ software နဲ့ sharpening လုပ်တာကတော့ Imaging editing, Post production အပိုင်းမို့ ဒီနေရာမှာ မဆွေးနွေးတော့ပါဘူးနော်။
အော် ... အရေးကြီးတာရှိပါသေးတယ်။ အသုံးပြုတဲ့ Lens နဲ့ filters တွေ သန့်ရှင်းမှုရှိဖို့လည်း ဂရုစိုက်ပါ။ အထက်ကအချက်အားလုံး OK ပေမယ့်လည်း ပြန်လာမှ filter က အကွက်တွေ ပုံထဲမှာပါနေရင်တော့ ကိုယ့်ဒေါသနဲ့ ကိုယ်ပေါ့ဗျာ။
လိုအပ်တာ မှားယွင်းတာတွေရှိခဲ့ရင်လဲ အမိုက်အမဲလေးမို့ ဗွေမယူပဲ ဝိုင်းဝန်းဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ။