Hyperfocal Focusing ဆိုတာ ဘာလဲလို့ အရင်မပြောခင်မှာ DoF လို့ခေါ်တဲ့ Depth of Field အကြောင်းကို အရင်ဆွေးနွေးချင်ပါတယ်။
DoF ကို focus range သို့မဟုတ် effective focus range လို့လဲ ခေါ်ပါတယ်။ တစ်နေရာကို focus လုပ်လိုက်တဲ့အခါ focus plane ရဲ့ ရှေ့နောက် ပြတ်သားစွာ (Acceptably sharp) ပုံရိပ်ဖမ်းယူနိုင်တဲ့ အကွာအဝေးကိုဆိုလိုတာပါ။ အောက်ပါပုံကို ကြည့်ပါ။
ဒီအကွာအဝေး ကျဉ်းရင် Shallow Depth of Field လို့ခေါ်ပြီး၊ ကျယ်ရင်တော့ Deep Depth of Field လို့ပြောကြပါတယ်။
DoF ကို ဘယ်အရာတွေက သက်ရောက်မှုရှိသလဲ
1. Aperture
2. Focus Distance or Subject Distance
3. Focal Length of the Lens
4. Sensor Size
5. Proportion of the subject စတာတွေဖြစ်ပါတယ်။
ဒီအချက်တွေက DoF ကို ဘာကြောင့် ဘယ်လို သက်ရောက်မှုရှိတာလဲဆိုတာကတော့ နောက်ကွယ်မှာ Physics theory တွေ အများကြီးရှိပါတယ်။ ဒါကြောင့်လဲ Photography ဟာ Arts လား၊ Science လား ဆိုတဲ့ အမေးတောင်ရှိခဲ့ဖူးတာပေါ့။ ဒီ သီအိုရီတွေကို ကျနော်လည်း မကျွမ်းကျင်တဲ့အတွက် ဆွေးနွေးဖို့ မရည်ရွယ်ပါဘူး။
ဥပမာပြောရရင် Aperture ကျဉ်းရင်၊ DoF ကျယ်လာတယ်၊ ဘာကြောင့်လဲ။ Lens aperture ကျဉ်းသွားတာနဲ့ circle of confusion ကလည်း ကျုံ့သွားတယ်၊ lens မျက်နှာပြင်ကိုလာထိတဲ့ အလင်းပမာဏနဲ့ lens အတွင်းပိုင်းကို ဝင်တဲ့ အလင်းပမာဏ ခြားနားမှုရှိလာတယ်၊ အလင်းဝင်ရောက်မှု နည်းလာတယ်၊ Diffraction ခေါ်တဲ့ အလင်းလှိုင်းရောင်စဉ်တန်းကွဲခြင်း ပိုများလာတယ်။ DoF ကျယ်လာတယ်၊ စတဲ့ စတဲ့ အချက်တွေရှိပါတယ်။
ဒီသီအိုရီတွေက ရှုပ်ထွေးသလို ကျနော်တို့အနေနဲ့လည်း အသေးစိတ်သိဖို့ မလိုအပ်ဖူးလို့ ထင်ပါတယ်။ ဥပမာ Photoshop software ကို ဘယ်လိုရေးသားထားသလဲဆိုတာက ကျနော်တို့နဲ့မဆိုင်ပါဘူး။ သိထားရင်တော့ကောင်းသပေါ့ဗျာ။ ဒါပေမယ့် လက်ရှိမှာတော့ ကျနော်တို့က End User တွေပဲဖြစ်လေတော့ ဒါတွေကို ဘယ်လို အသုံးချရမလဲ ဆိုတာကိုပဲ လေ့လာကြရအောင်ပါ။ ဒီပို့စ်အတွက်ကတော့ Hyperfocal distance ကိုပဲ အဓိကဆွေးနွေးကြပါမယ်။
Aperture
Small Aperture (larger f-number, e.g f/11, f/22) = Deeper Depth of Field
Larger Aperture (smaller f-number, e.g f/1.4, f/2) = Shallower Depth of Field
Aperture ကျဉ်းလေ Depth of field ကျယ်လေ ဖြစ်ပြီး aperture ကျယ်လေ DoF က ကျဉ်းလေဆိုတာ သိကြပြီးသားပါ။ ဒါကြောင့်မို့ Landscape သမားတွေဟာ frame တစ်ခုလုံး ပြတ်သားမှုရှိစေဖို့ တနည်းပြောရရင် Deeper DoF ရချင်လို့ f/16. f/22 စသဖြင့် ရိုက်ကြခြင်းဖြစ်ပါတယ်။ နောက်ပြီးတော့ DoF ရဲ့ သက်ရောက်တဲ့ အကွာအဝေးဟာ plane of focus ရဲ့ ရှေ့ 1/3 ကနေ နောက် 2/3 အထိဖြစ်တယ်ဆိုတာလဲ သိပါပြီ။ အဲဒီတော့ ကျနော်တို့ရဲ့ Landscape ပုံတစ်ပုံကို ရှေ့လယ်နောက် မျှမျှတတ ပြတ်သားချင်တယ်ဆိုရင် အလွယ်ဆုံးနည်းကတော့ Aperture ကျဥိးကျဉ်းနဲ့ ကိုယ်ရိုက်မယ့် frame ရဲ့ သုံးပုံတစ်ပုံလောက်ကို မှန်းပြီး focus ယူပြီးရိုက်မယ်ဆိုရင် အတော်ပြတ်သားတဲ့ ပုံတစ်ပုံရလာမှာပါ။ Aperture ကျဉ်းတိုင်း sharp ဖြစ်မလားဆိုတာတော့ မဟုတ်ပါဘူး။ သိပ်ကျဉ်းလွန်းရင် diffraction ကြောင့် ပြတ်သားမှုလျော့ကျနိုင်ပါတယ်။
ဒီထက် ပိုပြီး တိကျတဲ့ နည်းမရှိတော့ဘူးလားဆို ရှိပါတယ်။ အဲဒါကတော့ Hyperfocal distance ကို တွက်ချက်ယူပြီး focus လုပ်တာပါ။ Hyperfocal focusing ပေါ့။ Hyperfocal distance ဆိုတာကတော့ အရှင်းဆုံးပြောရရင် ပေးထားတဲ့ aperture တစ်ခုမှာ ကိုယ်နဲ့ ဖြစ်နိုင်သလောက် အနီးဆုံးနေရာကနေ အဝေးဆုံး infinity အထိ ပြတ်သားတဲ့ ပုံရိပ်ကို ဖမ်းယူနိုင်ဖို့ focus လုပ်ရမယ့် အကွာအဝေးကိုပြောတာပါ။
အောက်ပါပုံကို ကြည့်ပါ။
Hyperfocal distance ကိုတွက်ဖို့ဆိုရင် Lens, aperture နဲ့ sensor size တွေက အရေးပါလာပါပြီ။ အောက်က ညီမျှခြင်းကို ကြည့်ပါ။
Hyperfocal distance (mm) = (focal length) x (focal length) / circle of confusion x f-stop
circle of confusion (CoC) : full frame အတွက် 0.03, APS-C အတွက် 0.02 ဖြစ်ပါတယ်။ အနီးစပ်ဆုံးတန်ဖိုးတွေပါ။ အသေးစိတ်သိချင်ရင် အောက်ပါလင့်မှာ ဖတ်ကြည့်နိုင်ပါတယ်။
Circle of confusion (CoC)
Full frame camera, 35mm, f/11 အခြေအနေအတွက် HF distance ကို တွက်ချက်ကြည့်ရင်
Hyperfocal distance (HFD) = 35 x 35 / (0.03 x 11) = 3712 mm = 3.7 m (12.1 ft)
near acceptable limit = 3.7/2 = 1.85 m (6 ft)
fare acceptable limit = infinity
3.7 meter ကို focus ထားလိုက်ရင် ကိုယ်နဲ့အနီးဆုံး 1.85 meter ကနေ infinity အထိ ပြတ်သားတဲ့ ပုံရိပ်ကိုဖမ်းယူနိုင်မှာပါ။
ဒီညီမျှခြင်းတွေကို ချတွက်နေစရာမလိုတဲ့ ဖုံး apk တွေရှိပါတယ်။ Android အတွက်ကတော့ DOF Calculator ဆိုပြီး Google play store မှာ free download လုပ်လို့ရပါတယ်။ iPhone အတွက်ကတော့ DOFMaster ရှိပါတယ်။ online အနေနဲ့ကတော့ Online Depth of Field Calculator ရှိပါတယ်။
လက်တွေ့ဘယ်လိုအသုံးချမလဲ
ဖုံး apk သုံးလို့ပဲဖြစ်ဖြစ်၊ online calculator သုံးလို့ပဲဖြစ်ဖြစ်၊ လက်နဲ့ချတွက်လို့ပဲဖြစ်ဖြစ် Hyperfocal distance ကိုတော့ ရပါပြီ။ တကယ့်တကယ် အဲဒီအကွာအဝေး အတိအကျကို ဘယ်လိုတိုင်းပြီး focus လုပ်မလဲဆိုတာ လက်တွေ့မှာ မလွယ်လှပါဘူး။ အထက်က 35mm ဥပမာမှာ Hyperfocal distance က 3.7 meter ကို ဘယ်လိုတိုင်းမလဲ၊ ပေကြိုးနဲ့လား၊ infrared distance sensor နဲ့လား၊ distance scale ပါတဲ့ lens တွေပဲသုံးရမလား ခေါင်းစားရပါပြီ။ ဒါပေမယ့် ကံကောင်းတာတစ်ခုက deeper DoF လိုချင်တဲ့သူတွေဟာ အဓိကအားဖြင့် landscape သမားတွေဖြစ်တယ်၊ သူတို့တွေဟာ wide angle lens တွေသုံးတယ်၊ aperture ကျဉ်းကျဉ်း (f number ကြီးကြီး) ထားရိုက်တက်တယ်ဆိုတာပါပဲ။ အောက်ပါ ဇယားကွက်ကိုကြည့်ပါ။
Hyperfocal Distance တွက်ပေးမယ့် apk နဲ့ online link တွေကို အောက်မှာ ထပ်ရေးပေးထားပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။ လိုအပ်တာ မှားယွင်းချွတ်ချော်တာ တွေ့ရင်လည်း ပါဝင်ဆွေးနွေး အကြံပေးစေလိုပါတယ်။
for Android: DOF Calculator
for iPhone: DOFMaster
Online: Online Depth of Field Calculator
အောက်ကပုံတွေကတော့ DoF Scale, Distance Scale ပါတဲ့ lens ပုံတွေပါ။